Rice
Porridge or Jook (Cantonese) or Congee
ဆန်ပြုတ်
ကျနော်
ကြိုက်တဲ့ ဆန်ပြုတ် က ဗမာဆန်ပြုတ်။ ဆန်ကို
ဆီနှစ်စက် သုံးစက် ခန့်ထည့်ပြီး ရေနဲ့ ပြဲအောင် ပြုတ်ခြင်း ဖြစ်ပါတယ်။ ပြီးမှ ဆန်ပြုတ်ပူပူကို ငါးခြောက်ဖုတ်၊
ငါးခြောက်ကြော်၊ ပုဇွန်ခြောက်ကြော် တို့နဲ့ စားတာ။
ငယ်ငယ်တုန်းက
နေမကောင်း ဖြစ်လို့ ပျောက်ခါစ ဆိုရင် အိမ်မှာ လူကြီးတွေက ထမင်းမကျွေးပါဘူး။ ဆန်ပြုတ်ပဲ ကျွေးတယ်။ ငါးပုတ်ခြောက်ဖုတ် (သို့မဟုတ်) ငါးရဲ့ခြောက်ဖုတ်
နဲ့ ပေါ့။ တခါတလေ အသားများများ
ငါးမြွေထိုးကို ဖုတ်ပြီး လူကြီးတွေက အရိုးနွှင် ပေးတယ်။ ဆန်ပြုတ်နဲ့ ငါးမြွေထိုး ခြောက်ဖုတ်
အသားလေးနဲ့။ ကိုယ့်ပါးစပ်ထဲမှာတော့ အရမ်း
စားလို့ ကောင်းတာပဲ။ ငါးပုဏ္ဏားကို
ကြော်ပြီး ဆန်ပြုတ်နဲ့ ကျွေးတဲ့ အခါ ကျွေးပါတယ်။
ဗမာလိုပြုတ်တဲ့ ဆန်ပြုတ်က ထမင်းစေ့ကျေပြီး ပြဲသွားတဲ့ ဆန်ပြုတ်
ဖြစ်ပါတယ်။ အဖွားတို့က ဆန်ပြုတ်တဲ့အခါ ဆီ
နှစ်စက် သုံးစက် ထည့်ပြုတ်လေ့ရှိတယ်။
အိမ်မှာ မပြုတ်နိုင်ရင်၊ လူကြီးတွေ မအားတဲ့အခါ တရုတ်ဆိုင်က ဆန်ပြုတ်ကို
ဝယ်ပါတယ်။
ထိုင်းတွေလည်း
ကိုယ်တို့လို ဆန်ပြုတ်မျိုး စားတယ်။
ဘန်ကောက်မှာ ကိုယ်နေခဲ့တုန်းက ဆန်ပြုတ်ကို တော်တော်စားဖြစ်တယ်။ နေ့နေ့ညည။
မနက်ဆန်ပြုတ် ညဆန်ပြုတ် မတူဘူး။ မနက်စားတဲ့
ဆန်ပြုတ်က ဈေးပေါက်ဝမှာ အထမ်းနဲ့ လာရောင်းတယ်။
အောက်က မီးပါတဲ့ အိုးမှာ ဆန်ပြုတ်ကို ထည့်ထားတယ်။ ဝက်ဝမ်းတွင်းသား၊ အူတို့ အသည်းတို့၊
ကျောက်ကပ်တို့ နှလုံးတို့ အဆုတ်တို့ ချက်ပြီးသား ကျက်ပြီးသားတွေကို သပ်သပ်စီ
ခွက်နဲ့ ထည့်လာတယ်။ စားတော့မှ ဘာထည့်မလဲ
မေးပြီး ကပ်ကျေးနဲ့ ညှပ်ထည့်ပေးတယ်။
ကြက်ဥထည့်မယ်ဆိုရင် ဆန်ပြုတ်ပန်းကန်ထဲ ကြက်ဥကို အရင် ဖေါက်ထည့်ပြီးမှ
ကျက်ကျက်ဆူ ဆန်ပြုတ်ကို အပေါ်က လောင်းထည့်လိုက်တယ်။ ဒါမှ ကြက်ဥက မကျက်တကျက် ဖြစ်ရော။
ညစားတဲ့
ဆန်ပြုတ်က အိမ်နဲ့ မျက်နှာချင်းဆိုင်က စားသောက်ဆိုင်မှာ။ သူကတော့ ပေါက်ဖော်စတိုင် ဆန်ကို အစေ့ မကျေတကျေ
ပြုတ်ထားတယ်။ ငါးဆန်ပြုတ်ဆို ငါးရဲ့
အသားကို ပါးပါးလွှာပြီး လှီးထားတာ ထည့်ပေးတယ်။
ပင်လယ်စာ ဆိုလည်း ရေဘဝဲတို့၊ ကင်းမွန်တို့ မကျက်တကျက် ပြုတ်ထားတာကို
ဆန်ပြုတ်ပူပူ ထား ထည့်ပေးတယ်။
တခါတော့ မယ်ဆိုင်ကနေ ဘန်ကောက်ကို ကားနဲ့ ပြန်တာ။ ကားက ညနေ နေဝင်ခါနီးမှာ မယ်ဆိုင်က
ထွက်တယ်။ ညလည်ခေါင်မှာ ကားတွေ ခေတ္တရပ်တဲ့
နေရာတခု ရှိတယ်။ အဲဒီနေရာမှာ ခရီးသည်
တွေကို ညလည်စာ ဘူဖေး ကျွေးတယ်။ ကြာဇံကြော်၊ ညှပ်ခေါက်ဆွဲကြော်တို့ကို အိုးကြီးတွေနဲ့ ချထားပေးတယ်။ ကြိုက်သလောက်ထည့်စား….။ ကိုယ်ပျော်သွားတာက ကိုယ်တို့ ငယ်ငယ်က စားရတဲ့ ထမင်းကို ပြဲအောင်ပြုတ်ထားတဲ့
ဆန်ပြုတ်အိုးကြီးလည်း ချထားပေးတယ်။
ငါးခြောက်ကြော် တွေ ချထားပေးတာ။ ကြော်ပြီးခါစ ကျွတ်လို့။
လေယာဉ်ပျံတွေမှာလည်း
EVA တို့လို ပေါက်ဖော် လေကြောင်းတွေမှာ
ဆန်ပြုတ်စားရတတ်တယ်။ ဂျင်းကို
သွားကြားထိုးတံအရွယ် သေးသေးအချောင်းလေးတွေ လှီးပြီး ဆန်ပြုတ်ထဲ ထည့်ထားတာ
အရမ်းမွှေးတာပဲ။
No comments:
Post a Comment